Pages

Friday 4 March 2011

ရေသောက်ခြင်း၏ အကျိုးများ

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ
• နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
• အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
• ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
• မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။



ရေအကျိုး ဆယ်ပါး
• ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
• ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
• ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
• ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
• ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
• ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
• ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
• ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
• အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
• ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်
• အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
• တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
• ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
• ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
• ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
• ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
• ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
• ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
• ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

မေးခိုင်ရောဂါ

မေးခိုင်ရောဂါအကြောင်းသိကောင်းစရာ
ဒီနေ့တော့ ကျနော်တို့ မေးခိုင်ရောဂါကြောင်းဆွေးနွေးကြတာပေါ့ ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ သံဆူးရင် ဖြစ်တက်တယ်ဆိုတဲ့
မေးခိုင်ရောဂါအကြောင်းကြားဖူးပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့်တကယ်တွေ့ဖူးတဲ့သူဘာကြောင့်မေးခိုင်ရောဂါဖြစ်တာလဲဆိုတာကို သေသေချာချာသိကြတဲ့သူနည်းမယ်ထင်ပါတယ် ။
ဒါကြောင့် မေးခိုင်ရောဂါအကြောင်းကို ကျန်းမာရေးဗဟုသုတအနေနဲ့ သိရှိပြီး ဂရုပြုနိုင်အောင်လို့ ကျနော် ဒီ ကျန်းမာရေးဆောင်းပါးလေးကို ရေးလိုက်ပါတယ် ။
မေးခိုင်ရောဂါဆိုတဲ့ အတိုင်းရောဂါလက္ခဏာအနေနဲ့ ဝေဒနာရှင်ရဲ့ မေးက ခိုင်သွားပြီး ( locked jaw ) လှုပ်ရှားရခက်သွားလို့ မေးခိုင်ရောဂါလို့ မြန်မာလို နာမည်ပေးထားတာပါ ။ Medical Term ကတော့ Tetanus ပါ ။

ဒီပုံက မေးခိုင်သွားလို့ ပါးစပ်ဖွင့် မရတဲ့ ပုံပါ ။

မေးခိုင်ရောဂါကိုဖြစ်စေတာက Clostridium tetani ဆိုတဲ့ ရောဂါပိုးပါ ။ ကျနော်တို့ အကြောင်းတစ်ခုခုကြောင့် ဒဏ်ရာရ ၊ နာဖြစ်တဲ့ အခါ ပွမ်းပဲ့ တဲ့အခါ ( ဥပမာ သံဆူးတယ်ပဲ ဆိုကြပါတော့ ) Clostridium tetani ဟာ ပတ်ဝန်းကျင်ကနေ၀င်လာနိုင်ပါတယ် (ဥပမာ မြေမှုန့် ၊ ဖုန်မှုန့် ) ။ရောဂါပိုးဟာပြင်ပပတ်ဝန်းကျင်မှာ အချိန်ကြာမြင့်စွာ အသက်ရှင်နေနိုင်ပါတယ် ။
အနာကနေ၀င်လာပြီး ခန္ဓာကိုယ်ထဲကိုရောက်ပြီဆိုရင်တော့ C. tetani ကနေပြီး tetanolysin နဲ့ tetanospasmin ဆိုတဲ့ အဆိပ် ( toxin ) ၂ မျိုးထုတ်ပါတယ် ။ Tetanospasmin ကြောင့် မေးခိုင်ရောဂါရဲ့ လက္ခဏာတွေကိုဖြစ်ပေါ်စေပါတယ် ။ Tetanospasmin က အာရုံ ကြော ( nerves ) တွေကို ဒုက္ခပေးတဲ့ neuro toxin ပါ ။ အဲဒီ Tetanospasmin ဆိုတဲ့ အဆိပ်က လူ့ခန္ဓာကိုယ်အနှံအပြားကို သွေးလည်ပတ်မှု နဲ့ ပြန်ရည်ကြော မှတဆင့် ( blood and lymphatic system ) မှတဆင့်ပြန့်နှံသွားပြီး အာရုံကြောတွေကိုရောက်သွားပါတယ် ။ အဲဒီမှာ inhibitory neurotransmitter ဖြစ်တဲ့ GABA ထုတ်လုပ်မှူကို တားမြစ်တဲ့ အတွက် မေးခိုင်ရောဂါဖြစ်လာတာပါပဲ ။ inhibitory neurotransmitter မရှိတော့တွက်အတွက် skeletal muscle တွေဟာတစ်ချိန်လုံးတောင့်တင်းနေလာပါမယ်။
ပထမဆုံးသတိထားမိတာက အစားဝါးရင်အသုံးပြုတဲ့ ပါးစပ်က ကြွက်သား ( masseter muscles ) တွေတောင့်တင်းလာတော့ မေးခိုင်လာတာပါပဲ ( locked jaw or trismus ) ။
နောက်ပိုင်း အစာရေမျိုက ကြွက်သားတွေမာတောင့်လာပါမယ် ။ အစာမျိုရခက်လာပါမယ်။
ဝမ်းဗိုက်က ကြွက်သားတွေ ၊ ကျောပြင်ကကြွက်သားတွေ ၊ ခြေတွေလက်တွေကကြွက်သားတွေတောင့်တင်းလာပြီး လူခန္ဓာကိုယ်က ကော့ကော့ကြီးဖြစ်နေပါမယ် ။ ( opisthotonus )
ကိုယ်အပူချိန်တက်တာတွေ ၊ သွေးဖိအားတက်လာတာစတဲ့ တခြားလက္ခဏာတွေကိုပါတွေ့ရပါမယ် ။

ဒီပုံကတော့ ကျောပြင်က ကြွက်သားတွေ တောင့်တင်းပြီး ကော့နေတဲ့ပုံကို ပန်းချီဆွဲထားတာပါ ။

မေးခိုင်ရောဂါပိုးရဲ့ ရောဂါပျိုးရက်က ၃ ရက်ကနေ ၂၁ ရက်အထိကြာမြင့်နိုင်ပါတယ် ။ ပျမ်းမျှကတော့ ၈ ရက်ပါ ။ တခါတလေ လ နဲ့ချီပြီးကြာမှာဖြစ်တက်ပါတယ် ။
အနာဖြစ်ပြီးရောဂါပိုးဝင်တဲ့ နေရာက ပင်မအာရုံကြောကြီးနဲ့ ဝေးတဲ့နေရာဆိုရင် ( ဥပမာ ခြေဖျား ) ရောဂါလက္ခဏာပေါ်တာနောက်ကြပါမယ်။
ယေဘုယျအနေနဲ့ ပြောရရင် ရောဂါပျိုးရက်တိုလေလေ ရောဂါပိုပြီးပြင်းထန်တက်ပါတယ် ။ အသက်ဆုံးနိုင်ဖို့ ရာခိုင်နှုန်းပိုများပါတယ် ။
လူကြီးတွေမှာဖြစ်တဲ့ မေးခိုင်ရောဂါလက္ခဏာတွေက ကျနော်အပေါ်မှာဖော်ပြခဲ့ပြီးပါပြီ ။
ကြွက်သားတွေ တောင့်တင်းတာဟာ ခဏခဏဖြစ်နိုင်ပြီး တခါဖြစ်ရင် မိနစ်တော်တော်များများကြာနိုင်ပါတယ် ။ လုံးဝပြန်ကောင်းဖို့ လနဲ့ချီပြီးကြာနိုင်ပါတယ် ။
မွေးခင်းစကလေးလေးတွေမှာဖြစ်တဲ့ မေးခိုင်ရောဂါ ( Neonatal Tetanus ) ကတော့ မသန့်ရှင်းတဲ့ ကတ်ကြေးနဲ့ ချက်ကြိုးကိုဖြတ်တာ ၊ ချက်ကြိုးမခြောက်ခင် အနာကနေ၀င်တာများပါတယ် ။ မွေးပြီး ၄ ရက်ကနေ ၁၄ ရက်အတွင်းဖြစ်ပေါ်တက်ပါတယ် ။

neonatal tetanus ကြောင့်မွေးကင်းစကလေးတောင့်တင်းနေပုံပါ ။

ကဲဒီတော့ ကျနော်တို့ကြိုတင်ကာကွယ်ကြရအောင် ။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မေးခိုင်ရောဂါကာကွယ်ဆေးထိုးရပါမယ် ။
ကလေးတွေကတော့ ဆုံဆို့ ၊ ကြက်ညှာ ၊ ပိုလီယို ၊ တီဘီ ၊ မေးခိုင် အစရှိသဖြင့် ကာကွယ်ဆေးပုံမှန်ထိုးရပါမယ် ။
ကျနော်တို့ လူလတ်ပိုင်း အနေနဲ့ မေးခိုင်ရောဂါကာကွယ်ဆေးကိုတော့ အရင်က မထိုးဖူးသူတွေအနေနဲ့ ပထမတစ်ခါ ထိုးပြီး ၁ လခြား ဒုတိယတကြိမ် နောက်တခါ ၆ လကြာတဲ့အခါ တတိယတခါထိုးရပါမယ် ။
၃ ခါထိုးပြီးရင်တော့ ၁၀ နှစ်ကိုမှတခါထိုးဖို့လိုအပ်ပါမယ် ။ လတ်တလော ထိခိုက်ပွန်းပဲ့ မိရင်လည်း Booster dose အနေနဲ့ ထပ်ထိုးနိုင်ပါတယ် ။
ခန္ဓာကိုယ်က မေးခိုင်ရောဂါကို ဘယ်လောက် immunized ဖြစ်လဲဆိုတာပေါ်မူတည်ပါတယ် ။
ပွန်းပဲ အနာတရဖြစ်တဲ့ အခါ ဖုန်တွေ သဲတွေနဲ့ သိပ်ခြင်းကိုလုံးဝရှောင်ရှားပြီး ရေ ၊ ဒါမှမဟုတ် ပိုးသတ်ဆေးနဲ့ ဆေးရပါမယ် ။

တကယ်လို့ သံသယရှိလာလိုရှိရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အချိန်မှီပြသရင် အချိန်မှီကုသမှုပေးနိုင်ပါတယ် ။
ကုသပုံ အကြမ်းဖျင်းကတော့ အာရုံကြောတွေမှာ ပေါင်းပြီးသား ( already combined neurotoxin ) တွေကို ဘာမှလုပ်လို့ မရပါဘူး ။ free neurotoxin တွေကိုတော့ Human Tetanus Immune globulin ( TIG ) ပေးလို့ရပါတယ် ။ neuro toxin တွေရဲ့ source အနာရှိနေသေးရင် အနာကို သန့်စင်အောင်လုပ်ရပါမယ် ။ လိုအပ်တဲ့ Antibiotic တွေပေးရပါမယ် ။ကြွက်သားတွေ တောင့်တင်းတာကို သက်သာအောင်လိုအပ်တဲ့ ဆေးဝါးတွေနဲ့ကုသရပါမယ် ။ ( eg., Diazepam , propofol , dantrolene etc..) တကယ်လို့ ကြွက်သားတွေတောင့်တင်းမှုကြောင့် အသက်ရှုခက်ခဲလာရင် စက်နဲ့ အကူအသက်ရှုနိုင်အောင် ( tracheostomy and mechanical ventilation ) ဆောင်ရွက်ပေးရပါမယ် ။ ဒီအခြေအနေဆိုရင်တော့ အထူးကြပ်မတ်ခန်းထဲမှာ ကုသပေးရပါမယ်။

ဒီတော့ မေးခိုင်ရောဂါဟာ ကာကွယ်လို့ရသလို သတိမထားပဲ ပွန်းတာပဲ့တာလေးကို အမှတ်တမဲ့ ဂရုမပြုမိဘူးဆိုရင် ကျနော်တို့ရဲ့ အသက်အန္တာရယ်ပြုနိုင်တာမို့ အားလုံးပဲပေါ့ပေါ့ဆဆ မနေသင့်ဘူးလို့တိုက်တွန်းလိုက်ရပါတယ် ။

Smoking and Heart ဆေးလိပ်နှင့် နှလုံးရောဂါ

Smoking and Heart ဆေးလိပ်နှင့် နှလုံးရောဂါ

ဆေးလိပ် မကောင်းကြောင်းရေး လွန်းလို့ ဆေးလိပ် ကုမ္ပဏီ တွေက အမြင်ကပ် နေလောက်ပြီ ထင်ပါတယ်။ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့ က ကမ္ဘာ့နှလုံး များနေ့ ဖြစ် ပါတယ်။ ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီး နှစ်စဉ် ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေး ချင်တာနဲ့ ဆေးလိပ် မကောင်းကြောင်း ကိုပဲရေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒီနှစ် ကမ္ဘာ့နှလုံး များနေ့ရဲ့ ဆောင်ပုဒ် ကလည်း နှလုံး အန္တရာယ် သိရှိ ကာကွယ် (Do you know your risk?) ဆိုတော့ စာဖတ်သူ တွေထဲ မှာ မသိ တဲ့သူ သိအောင် သိပြီးသားသူ ပိုပြီး သတိထား မိအောင် ဒီခေါင်းစဉ် လေးကို ရွေးချယ်လိုက် ပါတယ်။


သိပြီးသားသူဆို တဲ့ထဲ မှာဆရာဝန်တွေက ထိပ်ဆုံး ကပါ။ ကျွန်တော် အခု စာသင် နေတဲ့ဆေးရုံ က နှလုံးအထူး ကု ဆေးရုံကြီး တစ်ခုပါ။ Ward တစ်ခုထဲ မှာ အတူတူ အလုပ်လုပ် နေတဲ့ လက်ထောက် ဆရာဝန် (၁၅) ယောက်ခန့် ရှိပါတယ်။ သူတို့ရဲ့ DUTY COAT ထဲမှာ ဆေးလိပ် ဘူး ကိုယ်စီ ရှိကြ ပါတယ်။ မနက်ပိုင်း လူနာကြည့်ချိန် ပြီးတာနဲ့ smoking zone (ဆေးလိပ်သောက် ရန် သတ်မှတ် ထားသောနေရာ) ကို ပြေးကြ တာပါပဲ။ သူတို့အတွက် လူနာ ကြည့်ချိန် (၁)နာရီ လောက်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ ရပုံပါပဲ။ နောက် ပါမောက္ခကြီး။ သူကတော့ နေ့လည်းပိုင်း စာသင်ခန်းမှာ (၄၅) မိနစ်စာ သင်ပြီး တာနဲ့ ဆေးလိပ်သောက် နားချိန် ပေး ပါတယ်။ ဆေးလိပ် တစ်လိပ်ကုန်မှ စာသင်ခန်း ကို ပြန်လာ ပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင် နစ်ကိုတင်း ရဲ့ သားကောင်တွေ ဖြစ်နေ ကြပါတယ်။

သာမန် စာဖတ် သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဆက်နွယ်နေ တယ် ဆိုတဲ့ အကြောင်း သိပြီး ကြမှာပါ။ နှလုံး ကျန်းမာရေးနဲ့ ပက်သက်ရင်တော့ သိတဲ့သူ နည်းပါ လိမ့်မယ် ငယ်ငယ်က မြန်မာ့ ရုပ်မြင်သံကြား မှာ ပညာပေး ဇာတ်လမ်းတိုလေး ကြည့်ဖူး ပါတယ်။ ကျန်းမာရေး ၀န်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေး နေတာပါပဲ။

နှလုံးရောဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်း အရင်းတွေထဲ မှာ ဆေးလိပ် သောက်ခြင်းက အဓိက အချက် တစ်ချက် ဖြစ်ပါတယ်။ နေ့စဉ် ဆေးလိပ် ဘယ်နှစ်လိပ် သောက်တယ် ဆိုတဲ့အချက် က နှလုံးရောဂါ ဖြစ်ပွား မှု အပေါ်မှာ တိုက်ရိုက် အကျိုး သက်ရောက် ပါတယ်။ များများ သောက်လေ ဖြစ်ဖို့ အလားအလာ ပိုများ လေပါပဲ။ နေ့စဉ် ဆေးလိပ် တစ်ဘူး ကုန်အောင် သောက်တဲ့ သူဟာ ဆေးလိပ် လုံးဝ မသောက်တဲ့ သူနဲ့ စာရင် နှလုံး ရောဂါ ဖြစ်နိုင်ခြေ (၂) ဆ ပိုများ ပါတယ် ဆေးလိပ်လည်း သောက်တယ် သန္ဓေ တားဆေး တွေလည်း သုံးစွဲတယ် ဆိုတဲ့ အမျိုးသမီး တွေ အတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။

ဆေးလိပ် သောက်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဆင့်ခံ ဆေးလိပ်သောက်ခြင်း (secondhand smoke) လည်း ပါဝင် ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံ ဆေးလိပ်သောက်ခြင်း နှင့် တိုက်ရိုက် ဆက်စပ် နေတယ်လို့ ဆိုပါတယ်။

ဆေးလိပ် နှင့် နှလုံးရောဂါ ဘယ်လို ဆက်စပ် နေသလဲ ?

ဆေးလိပ်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓါတ်က
1. နှလုံး အတွက် လိုအပ်တဲ့ အောက်ဆီဂျင် ရရှိမှု ကို နည်းပါးစေ ပါတယ်။
2. သွေးဖိအားကို များစေပြီး နှလုံးခုံနှုန်းကို မြန်စေပါတယ်။
3. သွေးခဲအောင် အားပေး ပါတယ်။
4. နှလုံး သွေးကြော အပါအ၀င် သွေးကြောအားလုံး၏ နံရံမှ ဆဲလ်များကို ထိခိုက် ပျက်စီး စေပါတယ်။


ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ
1. အသက်ကို ရှည်စေပါတယ်။
2. နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ခြေ ကို လျော့နည်း စေပါတယ်။
3. ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်းများ ကင်ဝေးပြီး အမောအပန်း ခံနိုင်လာပါတယ်။
4. အသား အရေ တွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း ကို ကာကွယ် ပေးပြီး နုပျိုစေပါတယ်။
5. အရသာခံ ခြင်း၊ အနံ့ခံခြင်း စတဲ့ အာရုံများ ကို တိုးတက်စေပါတယ်။
6. ငွေကြေး အကုန်အကျ သက်သာပါတယ်။
7. ဆေးလိပ်ငွေ့ ကင်းစင်တဲ့ ပျော်စရာ မိသားစုလေး ကို ပိုင်ဆိုင်နိုင်ပါတယ်။


ဆေးလိပ် ဘယ်လို ဖြတ်ကြမလဲ ?

ဆေးလိပ် မကောင်းကြောင်း လည်းပြောပြီးပြီ။ ဆေးလိပ်မသောက်ရင် ဘာတွေကောင်းမယ် ဆိုတာလည်း ပြောပြီးပြီ။ ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ ဆိုတဲ့ မေးခွန်းတွေကို ခဏခဏ အမေးခံရ ဖူးပါတယ်။ ဆေးလိပ် ဖြတ်တယ်ဆိုတာ ဆရာ ပြောသလောက် မလွယ်ပါဘူး ဆိုတဲ့ သူတွေ လည်း ကြုံဖူးပါတယ်။ မလွယ်ဘူး ဆိုတာ ကိုယ်တိုင် မသောက်ပေမယ့် ရိပ်စား မိပါတယ်။ သို့ပေမယ့်လည်း မိမိ ကောင်းကျိုး၊ မိသားစု ကောင်းကျိုး ရှေ့ရှူပြီး ကြိုးစား သင့်ပါတယ်။

ဆေးလိပ်ဖြတ်မယ် လို့ ဆုံးဖြတ်တဲ့ အခါမှာ မိမိကိုယ်တိုင် က ပြတ်သားဖို့ လိုပါတယ်။ လိုလိုချင်ချင် ရှိရပါမယ်။ ရည်းစားက ဖြတ်ခိုင်းလို့ ဆိုတာထက် မိမိကိုယ်တိုင် မသောက်သင့် တော့ဘူး၊ ဖြတ်ကို ဖြတ်ရမယ် ဆိုတာမျိုး ဖြစ်သင့် ပါတယ်။ ပထမဆုံး လုပ်ရမှာ က ဆေးလိပ် ဖြတ်မယ့်နေ့ကို ရွေးရပါမယ်။ ဒီနေ့ ဖြတ်ရမယ်လို့ မဆိုလို ပါဘူး။ ဥပမာ အောက်တိုဘာ ၁၅ ရက်နေ့ ဆေးလိပ်ဖြတ်မည် ဆိုတာမျိုးပေါ့။ ရက်ရွေးပြီးရင် တိတိကျကျ လုပ်ရ ပါမယ်။ ဘာအကြောင်းနဲ့ မှ ရက် နောက်ဆုတ် သွားတာမျိုး မဖြစ်သင့် ပါဘူး။
1. ဘာကြောင့် ဆေးလိပ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ် ဆိုတာ ရေးသားပြီး နေ့စဉ် ပြန်ပြန် ဖတ်ပါ။ ဥပမာ ဆေးလိပ်ရဲ့ ဆိုးကျိုး တွေကို ရေးချပြီး နေ့စဉ် ပြန် သတိရအောင် ဖတ်ပါ။

2. ဘာလို့ အချိန်တွေ မှာဆေးလိပ် သောက်တယ်၊ ဘာကြောင့် ဆေး လိပ်သောက်တယ်၊ ဆေးလိပ် သောက်တဲ့ အချိန်တွေမှာ ဘာတွေ လုပ်နေတယ် ဆိုတာကို စာရွက်နဲ့ ရေးချပြီး မိမိ ဆေးလိပ် သောက်ရ ခြင်း အကြောင်းအရင်း ကို ဆန်းစစ်ပါ။

3. လုံးဝ အပြီးအပိုင် မဖြတ်ခင် သောက်နေကျ အချိန်တွေမှာ မသောက်ဘဲ နေကြည့်ပါ။ ဥပမာ အလုပ်နားချိန်၊ ညစာ စားပြီချိန်။

4. ဆေးလိပ် သောက်ချင် စိတ်ပေးလာရင် တစ်ခုခုလုပ်ဖို့ စာရင်း ပြုစုထားပါ၊ ဥပမာ ပီကေ၀ါးမယ်။ ရေကူးမယ်။

5. Chantix and Wellbutrin ကဲ့သို့ဆေးလိပ် ဖြတ်ဆေးများ၊ နစ်ကိုတင်း Gum များ ကိုလည်းသုံးစွဲနိုင်ပါတယ် နီးစပ်ရာ ဆရာဝန် နှင့် တိုင်ပင် သုံးစွဲ ရပါမယ်။


အနောက် နိုင်ငံတွေ မှာတော့ ဆေးလိပ် ဖြတ်သူတွေ စုစည်း ထားတဲ့ အသင်းအဖွဲ့ တွေရှိပါတယ်။ အတွေ့အကြုံ ဖလှယ်ခြင်း အကြံဉာဏ် ရယူခြင်းများ ဖြင့် အကျိုး ရှိစေ ပါတယ်။

ဆေးလိပ် ဖြတ်ပြီ ဆိုတာနဲ့ နောက်အရေး ကြီးတဲ့အချက် က ပြန်မသောက် ဖြစ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အောက်ပါ အချက်လေး များကို ဂရုစိုက်ပြီးလိုက်နာသင့်ပါတယ်။
1. ဆေးလိပ်၊ မီးခြစ်၊ ဆေးလိပ်ပြာခွက် စတာတွေကို လုံးဝ စွန့်ပစ်လိုက်ပါ။
2. အနီး ပတ်ဝန်းကျင်မှာ ဆေးလိပ် မသောက်ဖို့ သူငယ်ချင်းတွေ ကို ပြောပါ။ တားမြစ်ပါ။
3. ဆေးလိပ်ကို သတိရတိုင်း မိမိ ကျန်မာရေး ကောင်းမွန် လာမှာကို တွေးပြီး ဖြေသိမ့်ပါ။
4. ဆေးလိပ် သောက်ချင်စိတ် ဖြစ် လာတဲ့အခါ အသက်ပြင်းပြင်း ရှူပြီး(၁၀) စက္ကန့်ခန့် အောင့်ထားပါ။ ဖြေးညှင်းစွာ ရှူထုတ်ပါ။ ဆေးလိပ် သောက်ချင်စိတ် ပျောက်တဲ့ အထိ အကြိမ်ကြိမ် ပြန်လုပ်ပါ။
5. လက်ကို မအားအောင် တစ်ခုခု လုပ်နေပါ။ ဥပမာ … ခဲတံဖြင့် ကစားနေပါ။
6. ဆေးလိပ်နဲ့ ပက်သက် နေတဲ့ မိမိရဲ့ လူနေမှု ပုံစံကိုပြင်ပါ။ လမ်းလျှောက်၊ ရေကူး လေ့ကျင့်ခန်းများ လုပ်ပါ။
7. ပီကယ် ၀ါးပါ။ ဆေးလိပ် အစားထိုး အစားအစာကို သတိထား ရွေးချယ်ပါ။ သကြားဓါတ် မများပါစေနှင့်။
8. ရေများများ သောက်ပါ။ အရက်နှင့် ကဖင်းဓါတ် ပါသော အချိုရည်များကိုရှောင်ပါ။


ဆေးလိပ်ဖြတ် လက္ခဏာများ

ဆေးလိပ်မှာ ပါတဲ နစ်ကိုတင်း ဓါတ်ကြောင့် ဆေးလိပ် ဖြတ်စမှာ ခန္ဓာကိုယ် က ဆေးလိပ် တောင်းတတ် ပါတယ်။ ဂဏှာမငြိမ်ခြင်း၊ စိတ်တို လွယ်ခြင်း၊ ဗိုက်ဆာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးစေးများ ထွက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ဝေဒနာတွေ ကို ခံစား ရနိုင် ပါတယ်။ ဒီကာလမှာ တောင့်ခံနိုင်အောင် ကြိုးစား ရပါမယ်။ မိသားစုဝင် တွေ က လည်း စာနာ ဖေးမ ပြီး ကူညီ ပေးရ ပါမယ်။ ဒီလက္ခဏာတွေ ဟာ သာမန် အားဖြင့် (၂) ပတ် အတွင်း ပျောက်ကင်း သွားနိုင် ပါတယ်။ ဆေးလိပ် ဖြတ်တာ (၁၅) နှစ်ကြာပြီ ဆို ရင်တော့ နှလုံးရောဂါရ နိုင်ခြေ ဟာ သာမန်လူတွေနဲ့ အတူတူ ပြန်ဖြစ် သွားပါမယ်။

သင်ကိုယ်တိုင် နှင့် သင့် မိသားစုဝင် တွေ ဆေးလိပ် အန္တရာယ်မှ ကင်းဝေး နိုင်ကြပါစေ။

အူအတက်ရောင်ခြင်း ( Appendicitis )

ကျနော်တို့ အလုပ်သင်ဆရာဝန်ဘ၀ ကတည်းက ခွဲစိတ်ဆောင်မှာ ဂျူတီကျပြီဆိုရင် ညဘက်အရေးပေါ် ခွဲ့စိတ်ခန်းဝင်ရတဲ့ အဓိကအကြောင်းက တော့ အူအတက်ရောင်တာပါပဲ ။
ညဘက်ဆိုတော့ ဂျူတီကျတဲ့ ခွဲစိတ်ဆရာဝန် (Surgeon) ၁ ယောက်ရယ် ၊ ဟောက်စ်ဆာဂျင် (House Surgeon) ၁-၂ ယောက်ပဲရှိတာမို့လို့ ခွဲခန်းမှာ ဆာဂျင်ကို ကုဖို့ အဆင်ပြေရင် Surgeon ရဲ့ကြီးကြပ်မှုနဲ့ ကိုယ်တိုင်ခွဲစိတ်ဖို့ အခွင့်အရေးပါပဲ ။
အူအတက်ရောင်လို့ ဆေးရုံရောက်လာပြီဆိုရင် သေချာအောင်စမ်းသပ်စစ်ဆေးမှူပြုလုပ်ပြီးတာနဲ့ ခွဲဖို့ပြင်ဆင်ပြီး ခွဲလိုက်ပါတယ် ။ သာမန်ဆိုရင်တော့ နာရီဝက် ၄၅ မိနစ်လောက်ဆိုရင် ဗိုက်ပြန်ပိတ်ပြီးပါပြီ ။
ဆာဂျင်ရဲ့ ကျွမ်းကျင်မှူရယ် လူနာရဲ့ အူအတက်ရောင်နေတဲ့ အခြေအနေ ၊ အခြားအနေအထားပေါ်မူတည်ပါတယ် ။
ဘာလို့ချက်ချင်းခွဲရလဲဆိုတော့ ယောင်နေတဲ့ အူအတက်ပေါက်မသွားအောင် ၊ တခြားနောက်ဆက်တွဲပြသနာတွေမ၀င်ခင် စောစောစီးစီး အချိန်မှီခွဲ နိုင်ရင် ရလာဒ်ကောင်းလို့ပါ ။

ကျနော်တို့ပတ်ဝန်းကျင်အရပ်ထဲမှာ အူအတက်ရောင်တာကို ကြားဖူးတဲ့သူတွေရော ၊ ကိုယ်တိုင်ဖြစ်ဖူးတဲ့သူတွေရှိမှာပါ ။
အခု အူအတက်ရောင်တယ်ဆိုတာ ဘာလဲဆိုတာ သေသေချာချာသိအောင် ဆွေးနွေးကြရအောင် …

အူအတက် (Appendix ) ဆိုတာက အူသေး (small intestine ) နဲ့ အူမကြီး (Large Intestine ) ဆက်တဲ့နေရာနားက အူမကြီးဆီကထွက်လာတဲ့ တစ်ဖက်ပိတ်ပြွန်လိုမျိုးအတက်လေးတစ်ခုပါ ။
ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာရှိပါတယ် ။



အူအတက်ရောင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ တစ်ဖက်ပိတ်ပြွန်ပုံစံလေးဖြစ်တဲ့ အူအတက်လေးထဲကို တစ်စုံတစ်ခု ( ဥပမာ ။ အစာအစိတ်အပိုင်း ၊ မစင် ) ၀င်သွားရာက စပါတယ် ။
အူအတက်ထဲကို ရောက်နေတဲ့ အစိတ်အပိုင်းလေးက တစ်ဖက်ပိတ်ဖြစ်နေတဲ့ အူအတက်ထဲက နေပြန်ထွက်ဖို့ခက်ပြီး အ၀မှာပိတ်နေတက်ပါတယ် ။ အရွယ်အစားပေါ်မူတည်ပါတယ် ။
အူအတက်ရဲ့ နံရံတွေက လှုံဆော်ခံရပြီး အရည်တွေစစ်ထုတ်လာပါတယ် ။
အဲဒီအခါ အူအတက်က ပိုပြီးဖောင်းလာပြီး ဖိအားတက်လာပြီး နံရံတွေကတင်းလာပါတယ် ။ ယောင်လာပါတယ် ။
အူအတက်ကို ထောက်ပံတဲ့ သွေးကြောလေးတွေကသွေးမစီးနိုင်တော့ပါဘူး ။
အစာလမ်းကြောင်းအူထဲမှာရှိတဲ့ ရောဂါပိုးတွေက အူအတက်ရောင်တာကို ပိုဆိုးစေပါတယ် ။ နောက်ပိုင်းအူအတက်ကိုသွေးမရောက်တော့ပဲ ပုပ်လာပါတယ် ။
This image has been resized. Click this bar to view the full image. The original image is sized 654x480 and weights 47KB.


အဓိကခံစားရတာကတော့ ဗိုက်နာတာပါပဲ ။
စ စနာတုန်းက ချက်တ၀ိုက် ၀မ်းဗိုက်အလယ်လောက်ကနေစနာပြီး နောက်ပိုင်းမှာတော့ ညာဘက်အောက်ပိုင်းကနာပါမယ် ။
တခြားရောဂါလက်ခဏာတွေ အနေနဲ့ တွေ့ရတက်တာကတော့
အစားအသောက်ပျက်ခြင်း
မူးဝေခြင်း
ပျို့အန်ခြင်း ၊ အန်ခြင်း
ဝမ်းချုပ် ၊ ၀မ်းလျှောခြင်း
အဖျားတက်လာခြင်း တို့ဖြစ်တက်ပါတယ် ။

များသောအားဖြင့် ၀မ်းဗိုက်ကိုစမ်းသပ်ပြီး အူအတက်ရောင်ရောဂါကို စမ်းသပ်နိုင်ပါတယ် ။
ဒါပေမယ့် ဗိုက်အောင့်တက်တဲ့ တခြားရောဂါတွေရှိသေးတာမို့ ရောဂါနာမည်တပ်တာမမှားဖို့ သတိထားရပါတယ် ။
အကြမ်းဖျဉ်းကတော့ ဗိုက်ညာဘက်အောက်ပိုင်းကို လက်နဲ့ ဖိလိုက်ရင်နာပြီး လက်ပြန်ရုတ်လိုက်တဲ့ အခါကျရင်လဲ ထပ်နာတဲ့ ပုံစံမျိုးတွေပါ ။
တခြားစမ်းသပ် ရတာတွေလဲ ရှိပါသေးတယ် ။
စမ်းသပ်ပုံတွေကိုတော့ ဒီနေရာမှာ အသေးစိတ်မရေးတော့ပါဘူး ။
အဓိကကတော့ အူအတက်ရောင်တာကို အချိန်မှီ သိရှိပြီး ခွဲစိတ်နိုင်ဖို့ပါပဲ ။

ကုသတာကတော့ ပါးစပ်ကနေ ဘာမှမသောက် ၊ မစားပဲ ခွဲစိတ်ဖို့ပြင်ဆင်ပါမယ် ။
သွေးကြောထဲကနေ အစွမ်းထက်တဲ့ ပိုးသတ်ဆေးတွေပေးပါမယ် ။
အားလုံးအဆင်သင့်ဖြစ်ရင် ရောင်နေတဲ့ အူအတက်ကို ခွဲစိတ်ပြီး ဖြတ်ထုတ်လိုက်တာပါ ။
မေ့ဆေးအနေနဲ့ ခါးကနေ ထုံဆေးထိုးပြီးခွဲစိတ်တာများပါတယ် ။
ညာဘက်ဝမ်းဗိုက်အောက်ပိုင်းကို ၃ - ၄ လက်မလောက်ခွဲပြီး အူအတက်ကိုခွဲစိတ်နိုင်သလို (appendicetomy ) ၊ ဗိုက်ကို အပေါက်လေးတွေဖောက်ပြီး မှန်ပြောင်းထည့်ပြီးလဲ ခွဲစိတ်နိုင်ပါတယ် ( laparoscopic appendicetomy ) ။

အူအတက်ရောင်ခြင်းရဲ့ နောက်ဆက်တွဲပြသနာများ
အချိန်မှီ မသိလို့ မကုနိုင်ဘူးဆိုရင် အူအတက်မှာပြည်တည်နိုင်ပါတယ် ( appendicular abscess )။
အဆိုးဆုံးကတော့ ရောင်နေတဲ့ အူအတက်ပေါက်သွားပြီး ရောဂါပိုးမွှားတွေ ၀မ်းဗိုက်အနှံပျံနှံကုန်တာပါပဲ (severe peritonitis ) ။
အချိန်ကြာလာတာနဲ့အမျှ သွေးထဲကနေပြီးတော့လဲ တစ်ကိုယ်လုံးကိုပျံနှံနိုင်ပါတယ် ( septicaemia ) ။
အဲဒီအချိန်ကျရင်ကုသရခက်ခဲပြီး အသက်နဲ့လုပြီး ခွဲစိတ်ကုသရတဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ် ။
ပုံမှန်အားဖြင့်တော့ အူအတက်ရောင်ရောဂါဆိုတာဟာ အချိန်မှီသိရှိကုသနိုင်ရင် စိုးရိမ်စရာမရှိပါဘူး ။

ကျနော် ဒီဆောင်းပါးလေးက ပြောချင်တာက အူအတက်ရောင်တာက အရေးပေါ်ကုသမှုလိုအပ်တဲ့ရောဂါပါ ။
အူအတက်ရောင်ရင် အများအားဖြင့် ၀မ်းဗိုက်ညာဘက်အောက်ပိုင်းက နာတက်ပါတယ် ။
ဗိုက်နာတဲ့ အကြောင်းတွေအများကြီးရှိတာကြောင့်လဲ ဗိုက်နာတာနဲ့ အစိုးရိမ်မလွန်စေချင်ပါဘူး ။
ဒါပေမယ့် သံသယရှိလာရင်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အချိန်မှီပြသဖို့လိုအပ်ပါတယ် ။
ဒါမှသာလိုအပ်တဲ့ စမ်းသပ်မှူတွေပြုလုပ်ပြီး သေချာရင်ထိရောက်တဲ့ ကုသမှုတွေအချိန်မှီခံယူနိုင်မှာပါ ။ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ် ။
ဘယ်အချိန်မှာဖြစ်မယ် ၊ ဘယ်သူ့မှာဖြစ်မယ်ဆိုတာ ၊ ဘယ်သူမှမပြောနိုင်ပါဘူး ။
အဲဒီတော့ ကြုံလာခဲ့ရင် နီးစပ်ရာ ဆေးမီးတိုတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေအကုန်မခံကြဖို့ အချိန်မှီ ဆေးရုံဆေးခန်းပြကြဖို့ ဒီနေရာကနေတိုက်တွန်းလိုက်ပါတယ် ။

Dr. Zero

အစာအိမ်ရောင်ခြင်း ( Gastritis )

ကျနော်တို့ တော်တော်များများ တခါတလေ ဗိုက်အောင့်ဖူးကြမှာပါ ။
ဗိုက်အောင့်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ် ။
ကျနော်ဒီနေ့ရေးမယ့် အစာအိမ်ရောင်တာကြောင့် ဗိုက်အောင့်တာလဲ တစ်ခုအပါအ၀င်ပေါ့ ။
ဒါပေမယ့် ဒီဆောင်းပါးလေးကိုဖတ်ပြီး ဗိုက်အောင့်တိုင်း ကိုယ့်မှာ အစာအိမ်ရောင်နေပြီ ၊ အစာအိမ်မှာအနာဖြစ်နေပြီလို့ စိတ်ထဲက မှတ်ထင်မသွားစေချင်ပါဘူး ။
တခါတလေ အစားအသောက်မှားတဲ့အခါ ၊ အစာမကြေဖြစ်တဲ့အခါ သာမန်ဗိုက်အောင့် ဗိုက်နာတာမျိုး ဖြစ်တက်ပါတယ် ။


အစာအိမ်ဆိုတာ

ကျနော်တို့ ပါးစပ်ကနေ သွားနဲ့ဝါးပြီးစားလိုက်တဲ့ အစားအစာတွေဟာ တကယ်တော့ မကြေညက်သေးပါဘူး ။
အပိုင်းသေးသေးလေးတွေ ဖြစ်အောင် မျိုချလို့ရအောင် ကိုက်ချေလိုက်တဲ့သဘောပါပဲ ။ မျိုချလိုက်တဲ့ အစာတွေအားလုံးဟာ အစာရေမျိုကနေတဆင့် အစာအိမ်ထဲကိုရောက်သွားပါတယ် ။
အစာအိမ်ထဲမှာ စားလိုက်တဲ့အစာတွေစုနေပြီး အစာချေတဲ့အလုပ်ကိုလုပ်ပြီးမှ တဖြည်းဖြည်းခြင်း အူတွေကို ဆက်လက်ပို့ဆောင်ပါတယ် ။
အစာအိမ်မှာ ချေဖျက်စရာ ခံတွင်းထဲမှာလို မာကျောတဲ့သွားတွေမရှိပါဘူး ။
ဒါပေမယ့် အစာအိမ်ကနေ အက်ဆစ်ဓာတ် ( Hydrocloric Acid ) နဲ့ တခြားအင်ဇိုင်းတွေကို စစ်ထုတ်ပြီး စားထားတဲ့ အစားအစာတွေကို ချေဖျက်ပါတယ် ။
အစာအိမ်ရဲ့ အက်ဆစ်ဓာတ်က pH 1-2 ကြားမှာရှိပါတယ် ။
တစ်ရက်တစ်ရက်ကို အစာအိမ်ကနေ ထုတ်တဲ့ အက်ဆစ်ပမာဏဟာ ၂.၅ - ၃ လီတာလောက်ရှိပါတယ် ။
အစာအိမ်ဟာ အစာတွေကို ချေဖျက်ပေးသလို အစာအဟာရအချို့ကိုလည်း စုပ်ယူပါသေးတယ် ။
pH 1 , pH 2 ဆိုတဲ့ အက်ဆစ်ပြင်းအားက တော်တော်ကိုပြင်းပါတယ် ။
အစာအိမ်ထဲမှာ ရှိတဲ့ ဒီအက်ဆစ်ဓာတ်တွေဟာ အစာအိမ်နံရံကို ပြန်ပြီးမတိုက်စားနိုင်အောင် အစာအိမ်နံရံက အမြှေးပါးကနေ အချွဲ ( Mucus ) တမျိုးကိုထုတ်ပြီး ကာကွယ်ထားပါတယ် ။
အကြောင်းတစ်ခုခုကြောင့် မျှချေပျက်ပြီး အက်ဆစ်ကအစာအိမ်နံရံကိုတိုက်စားမယ်ဆိုရင်
• အစာအိမ်နံရံက အမြေးပါးရောင်တာတွေ ( Gastritis ) ၊
• အစာအိမ်အနာဖြစ်တာ (Gastric Ulcer ) ၊
• အစာအိမ်သွေးကြာပေါက်တာ ၊ အစာအိမ်ပေါက်တာ ( Gastric Perforation ) ၊
• ကြာလာရင် အစာအိမ်ကင်ဆာဖြစ်တာ ( Gastric Cancer ) တွေဖြစ်နိုင်ပါတယ် ။

အစာအိမ်ရောင်စေတဲ့ အကြောင်းတွေ
• အကိုက်အခဲပျောက်ဆေးတွေကြောင့် အစာအိမ်ရောင်တက်ပါတယ် ။
အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်နံရံက အချွဲအကျိထုတ်လုပ်မှုကိုနည်းပါးစေတာကြောင့် အက်ဆစ်တွေက အစာအိမ်နံရံကိုတိုက်စားစေပါတယ် ။
အထူးသဖြင့် အစာမရှိပဲ အက်စပရင်တို့လို့ အကိုက်အခဲပျောက်ဆေးအပြင်းစားတွေကို အစာမရှိပဲ လုံးဝ မသောက်သုံးရပါဘူး ။
အခြားအကိုက်ခဲပျောက်ဆေးတွေ ၊ အဖျားကျဆေးတွေကို မိမိသဘောနဲ့ မိမိ အလွန်အကျွံမသောက်သုံးသင့်ပါဘူး ။
• အရက် အလွန်အကျွံသောက်သုံးခြင်း
• စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှု ( Stress ) ကြောင့် အစာအိမ်က အက်ဆစ်ဓာတ်ပိုမိုထုတ်လုပ်စေပါတယ် ။
• H. Pylori ဘက်တီးရီးယား
ဒီဘက်တီးရီးယားက အစာအိမ်နံရံရဲ့ အချွဲကိုပြောင်းလဲစေပြီး အက်ဆစ်ဓာတ်ကြောင့် အစာအိမ်ရောင်စေဖို့ အခွင့်အလမ်းများစေပါတယ် ။

အစာအိမ်ရောင်တာရဲ့ လက္ခဏာများ
• ဗိုက်အောင့် ၊ ဗိုက်နာခြင်း ( အထူးသဖြင့် ရင်ညွန့်အောက်က အောင့်တက်ပါတယ် )
• အစာစားလိုက်ရင်သက်သာသွားတက်ပါတယ် ။
• အစာမကြေ ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
• ပျို့အန်ခြင်း
• လေချဉ်တက်ခြင်း
• အစာစားချင်စိတ်မရှိခြင်း
စတာတွေဖြစ်တက်ပါတယ် ။

ဆေးကုသခြင်း
ဆေးကုသတာနဲ့ ပတ်သတ်လို့ အစာအိမ်ထဲက အက်ဆစ်ပြင်းအားကို လျော့ချပေးမယ့် ( Antacid ) လိုဆေးတွေ ၊ အက်ဆစ်ထွက်တာကို လျော့နည်းစေတဲ့ ၊ ရပ်တန့်စေတဲ့ဆေးတွေ နဲ့ ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ် ။
လိုအပ်ရင် H. Pylori ဘက်တီးရီးယားပိုးကိုသတ်ဖို့ အတွက် လိုအပ်တဲ့ ပဋိဇီဝဆေးတွေပါ အစာအိမ်ရောင်တာအတွက်ထည့်သွင်းကုသဖို့လိုအပ်ပါတယ် ။
လူနာအနေနဲ့ Digene , Gelmag , Kremil S , အစရှိသဖြင့် ဗိုက်အောင့်ဗိုက်နာအတွက် Antacid သောက်ဆေးတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ ။
Cemetidine , Omeprazole တို့လို Acid Inhibitor တွေကတော့ ဆရာဝန်ညွှန်ကြားပေးပါလိမ့်မယ် ။

အရေးကြီးတာက လူနာက ဆေးမှန်မှန်သောက်ဖို့အပြင် အနေအထိုင်အစားအသောက်ဆင်ခြင်ဖို့လိုအပ်ပါတယ် ။
အစာအိမ်ရောင်ရောဂါရှိတဲ့ လုနာအတွက်
• အရက် ၊ ဆေးလိပ် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ် ။
• စပ်တဲ့ အစားအစာတွေ ၊ မာတဲ့အစားအစာ ရှောင်ရပါမယ် ။
• အစာပျော့ပျော့ကိုစားဖို့ လိုအပ်ပါမယ် ။
• အချိန်မှန်မှန်အစားစားဖို့ လိုအပ်ပါတယ် ။
• စိတ်ဖိစီးမှုများနေရင် လျော့ချရပါမယ် ။
• ဖျားနာကိုက်ခဲပျောက်ဆေးတွေ သောက်မယ်ဆို အထူးသတိထားရပါမယ် ။
( မိမိသဘောနဲ့ မိမိ မသောက်သုံးသင့်ပါဘူး )

ဆေးလဲ မှန်မှန်သောက်တယ် ၊ လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုလိုက်နာမယ်ဆိုရင် အစာအိမ်ရောင်တာဟာ မကြာခင်ပျောက်ကင်းသွားမှာပါ ။
ဗိုက်အောင့်လိုက် ၊ ဆေးသောက်လိုက် ၊ သက်သာသွားလိုက် ၊ ဖြစ်သလိုနေလိုက် ၊ ဗိုက်ပြန်အောင့်လိုက်နဲ့ သံသရာလည်နေတဲ့သူတွေရှိပါတယ် ။
တခဏာတာ အစာအိမ်ရောင်တာက ပြသနာမကြီးပေမယ့် ဂရုမစိုက်လို့ ဖြစ်လိုက်ပျောက်လိုက်နဲ့ တာရှည် အစာအိမ်ရောင်တယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေဝင်လာနိုင်ပါတယ် ။
အစာအိမ်နံရံရောင်တာကနေ အနာဖြစ်တာ ၊ သွေးကြောပေါက်သွားတာ ၊ ကင်ဆာအဖြစ်ပြောင်းလဲသွားတက်တာတွေဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ် ။
ဒါကြောင့်မို့
ဗိုက်အောင့် ၊ ဗိုက်နာ အစာအိမ်ရောဂါမဖြစ်ချင်ရင်
• အစာကို အချိန်မှန်မှန်စားပါ ။
• အဆာမခံပါနဲ့ ။
• ပူလွန်း ၊ စပ်လွန်းတာတွေ မစားပါနဲ့ ။
• ဆေးလိပ် ၊ အရက်ရှောင်ပါ ။
• စိတ်ဖိစီးမှု သိပ်မများပါနဲ့ ။
တကယ်လို့များ အစာအိမ်ရောဂါရှိနေခဲ့တယ်ဆိုရင် ဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူပါ ။
ဆေးကုသမှုခံယူဖို့လိုအပ်သလို့ ၊ လူနာကလည်းလိုအပ်တဲ့ နေထိုင်စားသောက်မှုတွေကို ပြုပြင်ဆောင်ရွက်ဖို့လိုအပ်ပါတယ် ။

လူတိုင်းလူတိုင်းကျန်းမာရေးဗဟုသုတတိုးပွားပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းရင်း...

အစာအိမ်ဆေး

ဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်

ဗိုက်အောင့်ခြင်း ဝေဒနာကို ခံစားဖူးတဲ့ သူတိုင်း သိကြမှာပါ။ ဒီဝေဒနာဟာ တကယ်ခံစားနေရတဲ့ အချိန်ဆိုရင် မလှုပ်ရဲ မရှားရဲနဲ့ တကယ့်ကို အလုပ်ပျက် အကိုင်ပျက်ပါပဲ။ အရမ်းနာနေတဲ့ ခံစားချက်ဟာ ပိုပို တိုးလာမလားဆိုပြီး အသက်ရှူသံ တစ်ချက်နဲ့ တစ်ချက်ကြားမှာတောင် ရဲရဲ မရှူရဲလောက်အောင် ဆိုးပါတယ်။ ဒီလို အချိန်မှန်မှန် ဗိုက်အောင့်တတ်တဲ့ ရောဂါကို အစာလမ်းကြောင်း ပြည်တည်နာ (Peptic Ulcer) လို့ခေါ်ပါတယ်။

ဗိုက်အောင့်စေတဲ့ နောက်ခံ ရောဂါ အကြောင်းတရား အမျိုးမျိုး ရှိပေမယ့် (၁) နာသောနေရာကို သတ်သတ်မှတ်မှတ် လက်ညှိုးနဲ့ ညွှန်ပြလို့ ရခြင်း (၂) ကာလအတန်ကြာ ပျောက်သွားလိုက် ပြန်ဖြစ်လိုက် ခဏခဏ ဖြစ်နေခြင်း (၃) နာကျင်ခြင်းသည် အစာစားလိုက်ခြင်းနဲ့ ဆက်စပ်နေခြင်း စတဲ့ အချက်(၃) ချက်စလုံး ရှိနေတယ် ဆိုရင်တော့ သေချာပေါက် အစာလမ်းကြောင်း ပြည်တည်နာ (Peptic Ulcer) လို့ ပြောနိုင်ပါတယ်။

ဒီရောဂါကို အစာအိမ်ပြည်တည်နာ (Gastric Ulcer) နဲ့ အူသိမ်ပြည်တည်နာ (Duodenal Ulcer) ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ ဝေဒနာပုံစံမှာ သိသိသာသာ ကွဲပြားပါတယ်။

(၁) အစာအိမ်ပြည်တည်နာက အရှိုက်နေရာနဲ့ အစာအိမ်ရှိတဲ့ နေရာတွေမှာ နာပါတယ်။ သူက အစာစားလိုက်တာနဲ့ ဖြစ်တာပါပဲ။ အလွန်ဆုံး အစာစားပြီး နာရီဝက်လောက်အတွင်း နာလာတတ်ပါတယ်။ အစာစားပြီး နာတယ်ဆိုတဲ့ အချက်က အသိသာဆုံး ဖြစ်ပါတယ်။ ဒိုင်ဂျင်း၊ ခရေးမေးလ်အက်စ် စတဲ့ အက်ဆစ်ကို သက်သာအောင် လျှော့ပေးတဲ့ ၀ါးစားရတဲ့Antacids တွေသောက်ရင် ထူးထူးခြားခြား မသက်သာလှပါဘူး။

(၂) အူသိမ်ပြည်တည်နာက နာတဲ့နေရာချင်း တူပေမယ့် သူက ဗိုက်ဆာရင် အစာချေရည်တွေ ထွက်လာရင် နာလာတတ်တဲ့ ဝေဒနာဖြစ်ပြီး သိသာတဲ့ လက္ခဏာတစ်ခုအနေနဲ့ အစာစားလိုက်မှ သက်သာသွားပါတယ်။ Antacids တွေ ၀ါးစားလိုက်ရင် သိသိသာသာ သက်သာသွားပါတယ်။ ညတစ်ရေးနိုး ဗိုက်ဆာပြီး ထအောင့်ရင် သေချာပေါက် အူသိမ်ပြည်တည်နာ ဖြစ်နေပြီ ဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုကုကြမလဲ။ ကျွန်တော့်ရဲ့ ဒီဆောင်းပါးမှာ ဒီရောဂါတွေအကြောင်း တစ်စေ့တစ်စောင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး ဆေးခန်းသွားစရာ မလိုတော့ဘဲ နှစ်ပေါင်း သုံးလေးဆယ် ဖြစ်လာလဲ ပျောက်သွားအောင် သောက်လို့ရတဲ့ ဆေးပုံစံကို မက်ဖန်ပရိသတ်များအတွက်ဖော်ပြပေးမှာပါ။

ဒီရောဂါ နှစ်မျိုးစလုံးဟာ မိန်းတွေမှာထက် ယောက်ျားတွေမှာ ၂ဆကနေ ၅ဆ ပိုဖြစ်လေ့ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။အစာအိမ်ပြည်တည်နာထက် အူသိမ်ပြည်တည်နာက ပိုအဖြစ်များပါတယ်။ ထူးထူးခြားခြား “ O “ သွေး သမားတွေမှာ ပိုဖြစ်ကြတာ တွေ့ရပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းတွေက
(၁) အကိုက်အခဲပျောက်ဆေးများ ရေရှည်စွဲသောက်ခြင်း
(၂) ဆေးလိပ်သောက်ခြင်း (အစာအိမ်နာကို ပိုဖြစ်စေပါတယ်။ ဖြစ်ပြီးသား အနာတွေကိုလည်း အနာကျက် နှေးစေပါတယ်။
(၃) စိတ်ဖိစီးမှုများသော၊ စိတ်မြန်လက်မြန် ဒေါသကြီးသော စိတ်အခြေအနေရှိခြင်း
(၄) အစာချေရည် အက်ဆစ်ဓာတ်များ လွန်ကဲစွာ ထွက်စေသော အစားအစာများ (ကော်ဖီ၊ လက်ဖက်၊ အရက်၊ မဆလာ စသည်တို့ကို) ရက်ဆက် စားသုံးခြင်း
(၅) Helicobacter pylori အမည်ရှိ ဘက်တီးရီးယား အစာအိမ်လမ်းကြောင်းတွင် ကူးစက်ခံရခြင်း
ဒီပိုးကိုတွေ့ရှိတာ ဘယ်လောက်မှ မကြာသေးပါဘူး။ ဒီပိုးဟာ ဘယ်လောက် ဆိုးဝါးအစွမ်းထက်သလဲဆိုရင် အစာချေရည်ရဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ် (HCl) ထဲမှာတောင် အေးဆေး အသက်ရှင်နိုင်ပါတယ်။ သူက အစာလမ်းကြောင်းနဲ့ အစာအိမ်ရဲ့ မျက်နှာပြင်ဆဲလ်တွေမှာ တွယ်ကပ် ပေါက်ပွားနေထိုင်ပါတယ်။ ဒီပိုးဟာ စတင်တွေ့ရှိခဲ့တုန်းက ပညာရှင်တွေကိုယ်တိုင် အံ့အားသင့်သွားစေတဲ့ အသက်ပြင်းတဲ့ ပိုးဖြစ်ပါတယ်။

ဒီပိုးက မသန့်တဲ့ အစားအသောက် လမ်းဘေးအစားအသောက် ပန်းကန်ခွက်ယောက်တွေက တစ်ဆင့် အများဆုံး ကူးတယ်လို့ သိရပါတယ်။ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။


ရှေးယခင်က ဒီရောဂါဖြစ်တဲ့ လူနာတွေမှာ အကြောင်းရင်း အမှတ် (၁) ကနေ (၄) အထိပဲ စဉ်းစား ကုသပေးခဲ့ပေမယ့် တကယ်တမ်း လိုက်စစ်ဆေးကြည့်လိုက်တော့ ၉၀% သော အစာအိမ်ပြည်တည်နာတွေနဲ့ ၇၀% သော အူသိမ်ပြည်တည်နာတွေဟာ ဒီပိုးကြောင့် မပျောက်နိုင်တော့တာ တွေ့ရပါတယ်။ ဒီပိုးက အနာတွေကို ပိုဆိုးစေပြီး နောက်ဆုံး ကင်ဆာအဖြစ် ပြောင်းသွားစေပါတယ်။ (အထူးသဖြင့် အူသိမ်အနာထက် အစာအိမ်အနာက ကင်ဆာပြောင်းဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ ကင်ဆာပြောင်းတာကျတော့ “A” သွေးသမားတွေ ပိုများပါသတဲ့ ) ဒီပိုးဟာ အက်ဆစ်ဓာတ်ကိုလဲ များလာစေလို့ အနာက မပျောက်တော့ဘဲ မကုသရွေ့ တစ်သက်လုံး ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲတွေအနေနဲ့ အနာဖြစ်လိုက် အမာရွတ်တက်လိုက် သံသရာလည်တာ ကြာလာရင် ကင်ဆာပြောင်းသွားမယ်၊ ပေါက်ထွက်သွားခြင်း၊ အစာအိမ် ထွက်ပေါက်ပိတ်ခြင်း၊ သွေးထွက် သွေးအန် သွေးဝမ်းသွားခြင်း စတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလို ဗိုက်အောင့်တာ ကြာလာလို့ တွေ့ကရာ ကွမ်းရာဆိုင်က ဆေးတွေ သောက်၊ ရမ်းကုတွေနဲ့ ဆေးမြီးတိုတွေနဲ့ ကုနေကြပြီး မပျောက်ဘဲ အခြေအနေပိုဆိုးလာနေတဲ့ လူတွေ တော်တော်များပါတယ်။

ပိုဆိုးတာက ရမ်းကုက ဗိုက်နာတာ အကိုက်အခဲ ပျောက်ဆေး ထပ်ပေးလိုက်လို့ အစာအိမ်အကွင်းလိုက် ပေါက်ထွက်ပြီး ဆေးရုံရောက်လာတဲ့သူတွေ ကျွန်တော့်အတွေ့အကြုံမှာတောင် မနည်းတော့လို့ ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ (ကြားဖြတ် ပြောရရင် မြန်မာတိုင်းရင်း အစာအိမ်ဆေးများဟာလဲ နွယ်ချိုများစွာ ပါဝင်တဲ့အတွက် သွေးတိုးတတ်တဲ့ သူများအတွက် လုံးဝမသင့်တော်ပါဘူး)

ဒီပိုးကို စစ်တဲ့ Investigation တွေက 13C Urea Breath Test, Serological Test, Rapid Urease Test, Culture စသဖြင့် ရှိပြီး အတန်သင့် ဈေးကြီးလှပါတယ်။ ဒီတော့ ဆရာဝန်တစ်ယောက်အနေနဲ့ မတတ်နိုင်ပါဘူးဆိုတဲ့ လူနာကို ဒါတွေ စစ်ခိုင်းဖို့ ဘယ်လိုပြောရပါ့မလဲ။ ဒါကတစ်ချက်…..။

နောက်ပြီး ခန့်မှန်းခြေ ၈၀% ခန့်သော ဗိုက်အောင့်သူအားလုံးမှာ ဒီ H.pylori ပိုး ရှိနေပြီး ကျန်တဲ့ ၂၀% ကလဲ ပြည်တည်အနာရှိလာပြီဆိုတာနဲ့ မကြာခင် ဒီပိုးဝင်လာတော့မှာမို့ အောက်ပါဆေးနည်းပုံစံအတိုင်း ၁၄ ရက် တန်းပေးလိုက်ကြပါတယ်။ တကယ်လဲ ထိရောက်စွာ ကုသပျောက်ကင်းသွားတာ ကမ္ဘာနဲ့ အ၀ှမ်း လက်တွေ့ပါပဲ။ နှစ်ရှည်လများ နှစ်၃၀ ကျော် အောင့်လာတဲ့သူတောင် ဒီဆေး၁၄ ရက်နဲ့ အမြစ်ပြတ်ပျောက်ကင်းသွားတာ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ ဒီဆေးနည်း ကုထုံးဟာ ဆေးခန်းတွေမှာပဲ ရနိုင်တဲ့ ဆရာဝန်တွေပဲ သိတဲ့ ဆေးနည်းကောင်းတစ်လက် ဖြစ်လို့ တကယ်ဘေးကင်းပြီး ထိရောက်တဲ့ ဆေးညွှန်းဖြစ်လို့ ငွေရေးကြေးရေးနဲ့ တွက်ရင် ဘယ်လောက်တန်မလဲ စဉ်းစားသာကြည့်တော့။

ဒါဖြင့် ကျွန်တော်က ဘာလို့ ဒီလို လျှို့ဝှက်ချက်ကို ထုတ်ဖော်ချပြရသလဲဆိုတော့ ပြည်သူ့အကျိုးအတွက်ပါ။ ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန် လုံလုံလောက်လောက် မရှိတဲ့ နေရာတွေ အများကြီးပါပဲ။ ဆရာဝန် ရှိပြန်ဦးတော့ လိုအပ်ချက်တွေနဲ့ တစ်ဝမ်းတစ်ခါး ရှာစားနေကြရတဲ့ အတွက် ဆေးကုခ မရှိဘဲ တွေ့ကရာ ဒိုင်ဂျင်းလေးဝါးပြီး ဆေးမြီးတိုလေး သောက်ပြီး ရုန်းကန်လှုပ်ရှား အသက်ဆက်နေကြရတဲ့ သူတွေအတွက် အွန်လိုင်းပေါ်ကနေ တတ်စွမ်းသလောက် ကူညီပေးခြင်း ဖြစ်ပါတယ်။ ဝေဒနာရှင်များကို လက်ဆင့်ကမ်း ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

သောက်ရန် ဆေးညွှန်း
Omezprazole 40 mg
Clarithromycin 500 mg
Amoxicillin 500 mg
Metronidazole 400 mg

ဒီဆေး ၄ မျိုးစလုံးကို တစ်ခါသောက် တစ်လုံးစီ တစ်နေ့ ၂ခွက် အစာစားပြီးတိုင်း သောက်ပါ။ ၁၄ ရက်တိတိ မပျက်မကွက် သောက်ပါ။ ဒါဆိုရင် သေချာပေါက် အမြစ်ပြတ် ပျောက်ကင်းပါမယ်။ ဒါဟာ H.pylori ပိုးနဲ့ ဗိုက်အောင့်ခြင်း ဝေဒနာများကို အမြစ်ပြတ် ကုသနိုင်တဲ့ ကမ္ဘာကျော် ဆေးသုံးဖြာကုထုံး (Triple Therapy) ပဲဖြစ်ပါတယ်။ (Triple Therapy အပြင် 2nd Line အနေနဲ့ Quadritherapy ဆေးလေးဖြာ ကုထုံးလဲ ပေါ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ဆေးမှန်မှန်မသောက်လို့ ပြန်ဖြစ်တဲ့ သူတွေ အတွက်သာ ဖြစ်ပါတယ်။ အခုထဲက Triple Therapy ကိုပဲ မှန်မှန် မပျက်မကွက် သောက်မယ်ဆိုရင် ပြတ်ပါတယ်)ဒီဆေးတွေကို သောက်နေစဉ်အတွင်းမှာ ၀မ်းသွားခြင်း၊ ပါးစပ်အနည်းငယ်ပျက်ခြင်း၊ ပျို့ချင် အန်ချင်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရတတ်ပေမယ့် ထွေထွေထူးထူး အန္တရာယ် မရှိပါဘူး။ ၁၄ရက် ဆေးအပြည့် သောက်ပြီးတဲ့ အချိန်မှာ ဝေဒနာရှင်များအားလုံး သက်သာပျောက်ကင်းလို့ စိတ်ချမ်းသာကြရမယ်ဆိုရင် ကျွန်တော် ကြိုးစား ရေးသားထားတဲ့ ဒီဆောင်းပါးလေးဟာ မျိုးကြီးသီချင်းထဲကလို “နေရောင်ခြည် မဟုတ်လဲပဲ…….. ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တစ်ကမ်းအတွင်း……… ကိုယ်တတ်စွမ်းသလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ်” ဆိုတာမျိုး ဖြစ်တယ်ဆိုရင်ပဲ တကယ်ကျေနပ်လှပါပြီ။

ဆရာဝန် တိုက်ရိုက်မညွှန်ကြားဘဲ ဆေးရမ်းသောက်ခိုင်းတယ်လို့ မကျေလည်သူများရှိရင်လဲ thihathit.um2@gmail.com ကို ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် ဝေဒနာရှင်ပေါင်းများစွာကို ကုသပေးနိုင်ခဲ့တဲ့ Triple Therapy ဟာ လမ်းဘေးဆေးဆိုင်တွေက ရောင်းပေးတဲ့ စပ်ဆေးတွေထက်တော့ သာမှာ သေချာပါတယ်။ ဆရာဝန်နဲ့ လက်တစ်ကမ်းကို မရောက်လာနိုင်ကြတဲ့ ပြည်သူတွေအကျိုးကို ရှေးရှုလို့ မက်ဖန်ကိုယ်စားပြုပြီး ကျွန်တော် ဆက်လက် တင်ဆက်ပေးသွားပါဦးမယ်။
Last Updated at 2010-04-06 on 02:33:03 Written by : သီဟသစ်(ဆေး-၂) Mutdfan.com

သွားပြန်စိုက်တော့မယ် ဆိုရင်....

သွားနှုတ်လိုက် ရလို့၊ ဒါမှမဟုတ် အကြောင်း တစ်ခုခုကြောင့် ကျိုးသွားခဲ့ရင်၊ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အရင် ပို့စ်မှာ ရေးခဲ့ပါတယ်။ ဒီနေ့တော့ ဆုံးရှုံးသွားတဲ့ သွားကို ဘယ်လို အစားထိုး မလဲ ဆိုတာနဲ့ ပတ်သက်လို့ နားလည်လွယ်အောင် ရှင်းပြချင် ပါတယ်။
သွားတစ်ချောင်း နှုတ်လိုက် ရပြီးရင်၊ သွားဖုံးရိုး အနာကျက်လို့ သွားဖုံးသား ပြည့်လာတာနဲ့ သွား ပြန်အစား ထိုးလို့ ရပါတယ်။ အကြမ်း အားဖြင့်၊ သွားနှုတ်ပြီး၂လလောက် အကြာလို့ ပြောလို့ ရပါတယ်။ ဒီလို သွား အစား ထိုးတာကို၊ မြန်မာလို နားလည်အောင် သွားစိုက်တယ်လို့ဘဲ လွယ်လွယ် ပြောလေ့ ရှိပါတယ်။ တကယ့် ကုသမှု အရ၊ သွားဖုံးရိုးထဲ သတ္တုတိုင် (dental implant) စိုက်ထည့်ပြီး သွား ပြန်အစား ထိုးတာကိုမှ၊ သွားစိုက်တယ်လို့ ခေါ်နိုင် ပါတယ်။ မြန်မာပြည်မှာ အခု လက်ရှိ လုပ်နိုင်တဲ့ နည်းက၊ သွား အရှင် အစားထိုးနည်းနဲ့ သွားအသေ အစား ထိုးနည်း နှစ်ခုပဲ ရှိပါသေးတယ်။ (dental implant ကို ပါမောက္ခ ဆရာကြီး တချို့ စပြီး ကုသမှု ပေးနေပြီလို့ သိရပါတယ်)


၁။သွား အသေ အစား ထိုးခြင်း (fixed partial denture/ dental bridge)
ဒီနည်း မှာတော့၊ သွားတစ်ချောင်း သို့မဟုတ် နှစ်ချောင်း ကျိုးသွားတဲ့၊ နှုတ်လိုက်ရတဲ့ နေရာရဲ့ ဘေး တစ်ဖက် တစ်ချက်မှာ ကျန်နေတဲ့ သွားအကောင်းပေါ် ငုံပြီး၊ ကပ်တဲ့ ဆေးနဲ့ ပြုတ်မထွက်အောင် ကပ်ထားလိုက်တဲ့ အတွက်၊ အလွယ်တကူ မပြုတ်နိုင် မဖြုတ်ထုတ် နိုင်ပါဘူး။ မြန်မာလိုတော့၊ သွားအသေစိုက်လို့ သုံးစွဲ ခေါ်ဝေါ် နေကြပါတယ်။ တကယ်က အသေစိုက် ထည့်လိုက်တာ မဟုတ်ဘဲ၊ ဘေးသွားတွေကို သေးသွားအောင် စက်နဲ့ စားပစ်လိုက်ပြီး၊ သွားတုကို အပေါ်က ငုံပြီး စွပ်လိုက်တာပါ။ ဘေးသွားတွေကို တံတားလို တွဲထားတဲ့ အတွက် dental bridge လို့ ခေါ်တာပါ။ သဘာဝ သွားတွေပေါ် တင်ထားတဲ့ အတွက်၊ ၀ါးအား ကောင်းပါတယ်။


ဒါပေမယ့် ဒီနည်းက၊ သွား တစ်ချောင်း နှစ်ချောင်း ပြန် အစားထိုးတာ မျိုးမှသာ ကောင်းပါတယ်။ နှစ်ချောင်းထက် ပိုရင်တော့၊ ဘေးက သဘာဝ သွားတွေက၊ ၀န်ပို ထမ်းရလို့ ခဏနဲ့ ယိုင်နဲ့ လာတတ်ပါတယ်။
အားသာချက်- ဖြုတ်ရန် တတ်ရန် ဆေးကြောရန် မလို၊ ပုံမှန် သွားတိုက်ရင်း သန့်စင်နိုင်။
- သဘာဝ သွားလို ၀ါးနိုင်
- သတ္တု သို့မဟုတ် ကြွေ (porcelain) ရွေးချယ် စိုက်နိုင်။
အားနည်းချက် - ဘေးသဘာဝ သွားကို သေးအောင် စားပစ် လိုက်ရတဲ့ အတွက်၊ သဘာဝ သွား အထိနာ ပါတယ်။ အထူးသဖြင့် ကြွေသွား ပြန်ထည့်တဲ့ အခါ၊ ငုံမယ့် သွားကို သေးနိုင်သမျှ သေးအောင် စားပစ် လိုက်ရတဲ့ အတွက်၊ သွားကျဉ်တာမျိုး ခံစားရတတ်ပါတယ်။
- စိုက်သွားနဲ့ သဘာဝသွား ကြားမှာ အစာတွေ တွယ်ပြီး သွားဖုံး ရောဂါ ဖြစ်စေ နိုင်ပါတယ်။
- သွားတုကို ကပ်ထားတဲ့ဆေးက အချိန်ကြာလို့ ပျောက်သွား အားနည်းသွားတဲ့ အခါ၊ သွားတုကို ချက်ချင်း ဖြုတ်ပြီး ဆေးပြန်ကပ် ရပါတယ်။ လူ တော်တော် များများဟာ ဒါကို သတိမပြုမိတဲ့ အတွက်၊ ငုံထားတဲ့ စွပ်သွား အောက်ကို အစာတွေ ၀င်အောင်းပြီး၊ သဘာဝ သွားကို ပိုးစား သွားတာ များပါတယ်။ ဒီလို ငုံထားတဲ့ သွားပါ ပိုးစားပြီး နှုတ်ရပြီဆို စိုက်သွား တစ်တွဲလုံး ပစ်လိုက် ရပါတယ်။ သုံးလို့ မရတော့ ပါဘူး။

၂။ သွား အရှင် အစား ထိုးခြင်း (removable denture)
ကိုယ်တိုင် သွားတုကို ခံတွင်းထဲထည့်ပြီး၊ ၀ါးနိုင် သုံးနိုင်၊ ပြန်ဖြုတ်ပြီး ဆေးကြော သန့်စင်နိုင်လို့၊ အရှင်စိုက်လို့ ခေါ်ကြပါတယ်။ သွား အားလုံး မကျိုးခင်၊ ကျန်တဲ့ သဘာဝ သွားတွေမှာ၊ ချိတ်-ကွင်း စတာတွေနဲ့ အလွယ်တကူ ပြုတ်မထွက်အောင်၊ ချိတ်ပြီး သုံးရတဲ့ အရှင်စိုက်ကို removable partial denture-တစ်ပိုင်း အံကပ်လို့ခေါ်ပါတယ်။ အောက်ပုံမှာ တွေ့ရတဲ့အတိုင်း သွားအတုတွေအပြင်၊ သွားဖုံးအတု (အပန်းရောင် acrylic resin ခေါ်ပိုလီမာတစ်မျိုး) ကို ပေါင်းထည့် ထားတာကို တွေ့ရပါမယ်။ သွား အားလုံး မရှိတော့တဲ့သူ တွေမှာ၊ သွား တစ်ခွေလုံးကို အရှင်စိုက် အတုထည့်တာကိုတော့ complete denture-အံကပ် အပြည့်လို့ ခေါ်ပါတယ်။ လေထုဖိအား (atmospheric pressure) နဲ့ ခံတွင်း ထဲမှာ မြဲနေတာ ဖြစ်ပါတယ်။ အပေါ်သွား တစ်ခွေလုံး စိုက်ရတဲ့သူတွေ အတွက်၊ ဒီလို မြဲပြီး ပြုတ် မကျအောင်၊ လေဖိနိုင်တဲ့ ဧရိယာ ကျယ်အောင်၊ အာခေါင် မှာပါ၊ ဖုံးထား ရပါတယ်။ အာခေါင်မှာ ကပ်ထားသလို ဖြစ်နေတာကြောင့်လည်း အာကပ်-အံကပ်လို့ မြန်မာလို ခေါ်ကြပါတယ်။
အောက် အံကပ် အပြည့် တပ်ရတဲ့ သူတွေ မှာတော့၊ သွားတုက ဖုံးထားတဲ့ ဧရိယာကလည်း နည်းပြီး၊ လျှာကလည်း လှုပ်ရှား နေတတ်တာကြောင့်၊ အပေါ် အံကပ်နဲ့ စာရင် မြဲမြံမှု အားနည်း ပါတယ်။ အရှင်စိုက်က၊ သွားဖုံးပေါ် တင်ထားပြီး၊ သွားဖုံး သားကို အဓိက အားပြု ၀ါးရ တာပါ။
အားသာချက် - ဘေး သဘာဝ သွားတွေကို သေးအောင် စားပစ်ရန် မလို။
- သွား နောက်ထပ် နှုတ်ရလျှင်လည်း ရှိပြီးသား အရှင်စိုက် အံကပ်တွင် ထပ်ပေါင်းပြီး အစားထိုးနိုင်။
- ကုန်ကျ စရိတ် နည်း
အားနည်းချက်- စားပြီးတိုင်း ဖြုတ်ဆေးရ။
- သန့်ရှင်းမှု မရှိရင် ဘေးသဘာဝ သွားကို ပိုးစား။
- အားပြုထားသော ချိတ်ကြောင့် သဘာဝသွား ၀န်ပို။
- သွားဖုံးသားပေါ် တင်ထားပြီး ၀ါးရတဲ့ အတွက် ပင်ကိုယ်သွားလို ၀ါးအား မကောင်း။
- သွားတု အပြင်၊ သွားဖုံးသား အတုနဲ့ ၀န်ကို ပြန့်သွားအောင် ဧရိယာ ကျယ်ကျယ် အုပ်ထားတဲ့ အံကပ်ကို ပါးစပ်ထဲ ထည့်ထားရတဲ့ အတွက်၊ ကျင့်သား မရခင် အလွန် နေရ ထိုင်ရ ခက်။
- ငါးနှစ် တစ်ကြိမ်ခန့် အသစ်လဲ ပေးရ။ (အချိန် ကြာလာရင် သွားဖုံးရိုး နိမ့်ကျ သွားပြီး အံကပ်က ချောင်လာတဲ့ အတွက်)
- သွားဖုံးရိုး နိမ့်လာရင် အံကပ် မြဲမြံမှု အားနည်းလာ။


၃။ သွားဖုံးရိုး အတွင်း သွား အသေ စိုက်ခြင်း (dental implant)


ဒီနည်း ကတော့၊ အခု နောက်ဆုံး နိုင်ငံတကာမှာ သုံးပြီး ခေတ်စား လာနေတဲ့နည်း ဖြစ်ပါတယ်။ သွားဖုံးရိုး ထဲကို၊ titanium သတ္တုနဲ့ လုပ်ထားတဲ့ dental implant စိုက်ထည့်ပြီး၊ အပေါ်က ကြွေသွား စိုက်တဲ့၊ သွား အသေစိုက်နည်း ဖြစ်ပါတယ်။ titaniumနဲ့ အရိုးသားက၊ တွဲဆက် သွားတဲ့ အတွက် အရိုးမှာ ပြဿနာ မဖြစ်မချင်း ပြန်မပြုတ် နိုင်တော့ပါဘူး။ လက်ရှိ နည်းလမ်းတွေ ထဲက အကောင်းဆုံး၊ နှစ်ကြာရှည် အခံဆုံး နည်းလမ်း ဖြစ်ပါတယ်။
အားသာချက်- သွားဖုံးရိုးဟာ သွားနှုတ် ပြီးတာနဲ့ တစ်နှစ်ကို နည်းနည်းချင်း နိမ့်ဆင်း သွားပါတယ်။ ခုနက ပြောခဲ့တဲ့ သွား အစားထိုးနည်း နှစ်မျိုးလုံးမှာ၊ ဒီ သွားဖုံးရိုး နိမ့်ဆင်းတဲ့ ပြဿနာဟာ၊ တောက်လျှောက် ဖြစ်နေ ပါတယ်။ dental implant စိုက်ထည့်လိုက်ရင်တော့၊ သွားဖုံးရိုးဟာ နိမ့်မဆင်းတော့ပါဘူး။
- သွားဖုံးရိုးထဲ စိုက်ထည့်ထားတဲ့ သတ္တုချောင်းပေါ် အားပြုပြီး စိုက်တင်ထားတဲ့ သွားတုကို ၀ါးတာ ဖြစ်တဲ့ အတွက်၊ သဘာဝ သွားအတိုင်း ၀ါးနိုင်၊ သဘာဝ သွားလို ခံစားရ။
- ဘေးသွား အကောင်းတွေကို သေးအောင် စားပစ်ရန် မလိုတော့။
အားနည်းချက် - ကုန်ကျစရိတ်ကြီး။
- အနည်းဆုံး တစ်နှစ်တစ်ခါ ဆေးခန်း မှန်မှန် ပြန်ပြပြီး ထိန်းသိမ်းဖို့လို
- ခံတွင်း သန့်ရှင်းရေး ပုံမှန်လုပ်ဖို့ အရေးကြီး။
- ပင်ကိုယ် သွားဖုံးရိုး နိမ့်နေရင်၊ implant စိုက်ထည့်နိုင်အောင် အရိုးသား ပြန်တက်လာဖို့ အစားထိုး ကုသမှု (bone graft) အရိုး ပြန်တည်ဆောက် ကုသမှု (bone regenerative treatment) အရင် လုပ်ဖို့ လို။


သွားစိုက်နည်း အမျိုးမျိုး ရှိပေမယ့်၊ ကိုယ်နှုတ် လိုက်ရတဲ့ သွားနေရာ အနေအထား၊ အရေအတွက်နဲ့၊ ကိုယ် တတ်နိုင်တဲ့ အပေါ် မူတည်ပြီး၊ အသင့်တော်ဆုံး ဖြစ်မယ့်နည်းကို ရွေးရမှာ ဖြစ်ပါတယ်။