Friday 4 March 2011

အူအတက်ရောင်ခြင်း ( Appendicitis )

ကျနော်တို့ အလုပ်သင်ဆရာဝန်ဘ၀ ကတည်းက ခွဲစိတ်ဆောင်မှာ ဂျူတီကျပြီဆိုရင် ညဘက်အရေးပေါ် ခွဲ့စိတ်ခန်းဝင်ရတဲ့ အဓိကအကြောင်းက တော့ အူအတက်ရောင်တာပါပဲ ။
ညဘက်ဆိုတော့ ဂျူတီကျတဲ့ ခွဲစိတ်ဆရာဝန် (Surgeon) ၁ ယောက်ရယ် ၊ ဟောက်စ်ဆာဂျင် (House Surgeon) ၁-၂ ယောက်ပဲရှိတာမို့လို့ ခွဲခန်းမှာ ဆာဂျင်ကို ကုဖို့ အဆင်ပြေရင် Surgeon ရဲ့ကြီးကြပ်မှုနဲ့ ကိုယ်တိုင်ခွဲစိတ်ဖို့ အခွင့်အရေးပါပဲ ။
အူအတက်ရောင်လို့ ဆေးရုံရောက်လာပြီဆိုရင် သေချာအောင်စမ်းသပ်စစ်ဆေးမှူပြုလုပ်ပြီးတာနဲ့ ခွဲဖို့ပြင်ဆင်ပြီး ခွဲလိုက်ပါတယ် ။ သာမန်ဆိုရင်တော့ နာရီဝက် ၄၅ မိနစ်လောက်ဆိုရင် ဗိုက်ပြန်ပိတ်ပြီးပါပြီ ။
ဆာဂျင်ရဲ့ ကျွမ်းကျင်မှူရယ် လူနာရဲ့ အူအတက်ရောင်နေတဲ့ အခြေအနေ ၊ အခြားအနေအထားပေါ်မူတည်ပါတယ် ။
ဘာလို့ချက်ချင်းခွဲရလဲဆိုတော့ ယောင်နေတဲ့ အူအတက်ပေါက်မသွားအောင် ၊ တခြားနောက်ဆက်တွဲပြသနာတွေမ၀င်ခင် စောစောစီးစီး အချိန်မှီခွဲ နိုင်ရင် ရလာဒ်ကောင်းလို့ပါ ။

ကျနော်တို့ပတ်ဝန်းကျင်အရပ်ထဲမှာ အူအတက်ရောင်တာကို ကြားဖူးတဲ့သူတွေရော ၊ ကိုယ်တိုင်ဖြစ်ဖူးတဲ့သူတွေရှိမှာပါ ။
အခု အူအတက်ရောင်တယ်ဆိုတာ ဘာလဲဆိုတာ သေသေချာချာသိအောင် ဆွေးနွေးကြရအောင် …

အူအတက် (Appendix ) ဆိုတာက အူသေး (small intestine ) နဲ့ အူမကြီး (Large Intestine ) ဆက်တဲ့နေရာနားက အူမကြီးဆီကထွက်လာတဲ့ တစ်ဖက်ပိတ်ပြွန်လိုမျိုးအတက်လေးတစ်ခုပါ ။
ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာရှိပါတယ် ။



အူအတက်ရောင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ တစ်ဖက်ပိတ်ပြွန်ပုံစံလေးဖြစ်တဲ့ အူအတက်လေးထဲကို တစ်စုံတစ်ခု ( ဥပမာ ။ အစာအစိတ်အပိုင်း ၊ မစင် ) ၀င်သွားရာက စပါတယ် ။
အူအတက်ထဲကို ရောက်နေတဲ့ အစိတ်အပိုင်းလေးက တစ်ဖက်ပိတ်ဖြစ်နေတဲ့ အူအတက်ထဲက နေပြန်ထွက်ဖို့ခက်ပြီး အ၀မှာပိတ်နေတက်ပါတယ် ။ အရွယ်အစားပေါ်မူတည်ပါတယ် ။
အူအတက်ရဲ့ နံရံတွေက လှုံဆော်ခံရပြီး အရည်တွေစစ်ထုတ်လာပါတယ် ။
အဲဒီအခါ အူအတက်က ပိုပြီးဖောင်းလာပြီး ဖိအားတက်လာပြီး နံရံတွေကတင်းလာပါတယ် ။ ယောင်လာပါတယ် ။
အူအတက်ကို ထောက်ပံတဲ့ သွေးကြောလေးတွေကသွေးမစီးနိုင်တော့ပါဘူး ။
အစာလမ်းကြောင်းအူထဲမှာရှိတဲ့ ရောဂါပိုးတွေက အူအတက်ရောင်တာကို ပိုဆိုးစေပါတယ် ။ နောက်ပိုင်းအူအတက်ကိုသွေးမရောက်တော့ပဲ ပုပ်လာပါတယ် ။
This image has been resized. Click this bar to view the full image. The original image is sized 654x480 and weights 47KB.


အဓိကခံစားရတာကတော့ ဗိုက်နာတာပါပဲ ။
စ စနာတုန်းက ချက်တ၀ိုက် ၀မ်းဗိုက်အလယ်လောက်ကနေစနာပြီး နောက်ပိုင်းမှာတော့ ညာဘက်အောက်ပိုင်းကနာပါမယ် ။
တခြားရောဂါလက်ခဏာတွေ အနေနဲ့ တွေ့ရတက်တာကတော့
အစားအသောက်ပျက်ခြင်း
မူးဝေခြင်း
ပျို့အန်ခြင်း ၊ အန်ခြင်း
ဝမ်းချုပ် ၊ ၀မ်းလျှောခြင်း
အဖျားတက်လာခြင်း တို့ဖြစ်တက်ပါတယ် ။

များသောအားဖြင့် ၀မ်းဗိုက်ကိုစမ်းသပ်ပြီး အူအတက်ရောင်ရောဂါကို စမ်းသပ်နိုင်ပါတယ် ။
ဒါပေမယ့် ဗိုက်အောင့်တက်တဲ့ တခြားရောဂါတွေရှိသေးတာမို့ ရောဂါနာမည်တပ်တာမမှားဖို့ သတိထားရပါတယ် ။
အကြမ်းဖျဉ်းကတော့ ဗိုက်ညာဘက်အောက်ပိုင်းကို လက်နဲ့ ဖိလိုက်ရင်နာပြီး လက်ပြန်ရုတ်လိုက်တဲ့ အခါကျရင်လဲ ထပ်နာတဲ့ ပုံစံမျိုးတွေပါ ။
တခြားစမ်းသပ် ရတာတွေလဲ ရှိပါသေးတယ် ။
စမ်းသပ်ပုံတွေကိုတော့ ဒီနေရာမှာ အသေးစိတ်မရေးတော့ပါဘူး ။
အဓိကကတော့ အူအတက်ရောင်တာကို အချိန်မှီ သိရှိပြီး ခွဲစိတ်နိုင်ဖို့ပါပဲ ။

ကုသတာကတော့ ပါးစပ်ကနေ ဘာမှမသောက် ၊ မစားပဲ ခွဲစိတ်ဖို့ပြင်ဆင်ပါမယ် ။
သွေးကြောထဲကနေ အစွမ်းထက်တဲ့ ပိုးသတ်ဆေးတွေပေးပါမယ် ။
အားလုံးအဆင်သင့်ဖြစ်ရင် ရောင်နေတဲ့ အူအတက်ကို ခွဲစိတ်ပြီး ဖြတ်ထုတ်လိုက်တာပါ ။
မေ့ဆေးအနေနဲ့ ခါးကနေ ထုံဆေးထိုးပြီးခွဲစိတ်တာများပါတယ် ။
ညာဘက်ဝမ်းဗိုက်အောက်ပိုင်းကို ၃ - ၄ လက်မလောက်ခွဲပြီး အူအတက်ကိုခွဲစိတ်နိုင်သလို (appendicetomy ) ၊ ဗိုက်ကို အပေါက်လေးတွေဖောက်ပြီး မှန်ပြောင်းထည့်ပြီးလဲ ခွဲစိတ်နိုင်ပါတယ် ( laparoscopic appendicetomy ) ။

အူအတက်ရောင်ခြင်းရဲ့ နောက်ဆက်တွဲပြသနာများ
အချိန်မှီ မသိလို့ မကုနိုင်ဘူးဆိုရင် အူအတက်မှာပြည်တည်နိုင်ပါတယ် ( appendicular abscess )။
အဆိုးဆုံးကတော့ ရောင်နေတဲ့ အူအတက်ပေါက်သွားပြီး ရောဂါပိုးမွှားတွေ ၀မ်းဗိုက်အနှံပျံနှံကုန်တာပါပဲ (severe peritonitis ) ။
အချိန်ကြာလာတာနဲ့အမျှ သွေးထဲကနေပြီးတော့လဲ တစ်ကိုယ်လုံးကိုပျံနှံနိုင်ပါတယ် ( septicaemia ) ။
အဲဒီအချိန်ကျရင်ကုသရခက်ခဲပြီး အသက်နဲ့လုပြီး ခွဲစိတ်ကုသရတဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ် ။
ပုံမှန်အားဖြင့်တော့ အူအတက်ရောင်ရောဂါဆိုတာဟာ အချိန်မှီသိရှိကုသနိုင်ရင် စိုးရိမ်စရာမရှိပါဘူး ။

ကျနော် ဒီဆောင်းပါးလေးက ပြောချင်တာက အူအတက်ရောင်တာက အရေးပေါ်ကုသမှုလိုအပ်တဲ့ရောဂါပါ ။
အူအတက်ရောင်ရင် အများအားဖြင့် ၀မ်းဗိုက်ညာဘက်အောက်ပိုင်းက နာတက်ပါတယ် ။
ဗိုက်နာတဲ့ အကြောင်းတွေအများကြီးရှိတာကြောင့်လဲ ဗိုက်နာတာနဲ့ အစိုးရိမ်မလွန်စေချင်ပါဘူး ။
ဒါပေမယ့် သံသယရှိလာရင်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အချိန်မှီပြသဖို့လိုအပ်ပါတယ် ။
ဒါမှသာလိုအပ်တဲ့ စမ်းသပ်မှူတွေပြုလုပ်ပြီး သေချာရင်ထိရောက်တဲ့ ကုသမှုတွေအချိန်မှီခံယူနိုင်မှာပါ ။ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ် ။
ဘယ်အချိန်မှာဖြစ်မယ် ၊ ဘယ်သူ့မှာဖြစ်မယ်ဆိုတာ ၊ ဘယ်သူမှမပြောနိုင်ပါဘူး ။
အဲဒီတော့ ကြုံလာခဲ့ရင် နီးစပ်ရာ ဆေးမီးတိုတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေအကုန်မခံကြဖို့ အချိန်မှီ ဆေးရုံဆေးခန်းပြကြဖို့ ဒီနေရာကနေတိုက်တွန်းလိုက်ပါတယ် ။

Dr. Zero

0 comments:

Post a Comment